နိုင်ငံတကာပညာရေး တစ်စေ့တစ်စောင်း

နှစ်တစ်နှစ်ရဲ့ အခု လပိုင်းတွေဟာ နိုင်ငံတကာမှာ ကျောင်းတက်လိုသူတွေနဲ့ ကျောင်း အေးဂျင့်တွေ အလုပ်များတဲ့ အချိန်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံတကာက များစွာသော ကျောင်းတွေရဲ့ ကျောင်းဖွင့် ရာသီ အတော်များများဟာ သြဂုတ်၊ စက်တင်ဘာလတွေမှာ ဖြစ်ပေမယ့် ကျောင်းဝင်ခွင့် လျှောက်လွှာတွေကိုတော့ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ တချို့ဆိုရင် ဒီဇင်ဘာလ ကုန်လောက်တောင် နောက်ဆုံးထားပြီး ပေးပို့ ရတာ တွေ့ရှိသလိုပဲ။ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ လောက်မှာ ဖွင့်တဲ့ Mid-Year Intake အတွက်လည်း ဒီလတွေမှာ အပြီး လျှောက်ရတာတွေ ရှိတတ်ပါတယ်။


နိုင်ငံတကာမှာ ပညာရေးကို စီးပွားရေး ဈေးကွက် တစ်ခု၊ နိုင်ငံခြားငွေရှာတဲ့ လုပ်ငန်းကြီး တစ်ခုအနေနဲ့ ရပ်တည်နေတာ နှစ်ပေါင်း အတော်လေး ကြာနေပါပြီ။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများမှာ အထူးသဖြင့် အင်္ဂလိပ် စကားပြော နိုင်ငံတွေ မှာရှိတဲ့ တက္ကသိုလ်ကြီးတွေဟာ နိုင်ငံတကာ ပညာရေး ဈေးကွက်မှာ ဈေးကွက်ဦးဆောင်မှုကို နှစ်ပေါင်းများစွာ ကတည်းက ရနေခဲ့ကြပါတယ်။ ကမ္ဘာ့နိုင်ငံ အရပ်ရပ်က နေပြီးတော့ နှစ်စဉ် ကျောင်းလာတတ်တဲ့ ကျောင်းသားတွေဆီကနေ ပညာသင် စရိတ်ကစလို့ အခြားနေထိုင် စား သောက်စရိတ်တွေ အပါအ၀င် အခြား ၀န်ဆောင်မှုတွေကနေ နှစ်စဉ်ရတဲ့ ၀င်ငွေဟာ အဲဒီနိုင်ငံ စီးပွားရေးရဲ့ အဓိက ၀င်ငွေရတဲ့ အခန်းကဏ္ဍမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။

စင်ကာပူ နိုင်ငံဟာ အခုအချိန်မှာ ကျွန်တော်တို့ နိုင်ငံကနေ ပညာရေးနဲ့ ပတ်သက်ပြီး အများဆုံးသွားတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်နေပါပြီ။ တစ်နည်း အားဖြင့် ကျွန်တော်တို့ နိုင်ငံဟာ စင်ကာပူ ပညာရေး လုပ်ငန်းကြီးရဲ့ ဈေးကွက် တစ်ခုလို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံကနေ သွားရလာရတာ အရမ်း အလှမ်းမဝေးတာရယ်၊ ယဉ်ကျေးမှု၊ လူမှုစရိုက်ကလည်း အလွန်အမင်း ကွာဟမှု မရှိတာရယ်၊ အနောက်နိုင်ငံက တက္ကသိုလ်တွေနဲ့ စာရင် ငွေကြေး ကုန်ကျစရိတ် သက်သာတာရယ်၊ ပြီးတော့ ကျောင်းပြီးရင် စင်ကာပူမှာ အလုပ် အကိုင် ရနိုင်ချေရှိတယ် ဆိုတဲ့ မျှော်မှန်းချက်တွေနဲ့ စင်ကာပူဟာ နိုင်ငံရပ်ခြား ကျောင်းတက်လိုသူ မြန်မာ လူငယ်တွေ အတွက် အဓိက ရည်မှန်းတဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။ စင်ကာပူနိုင်ငံမှာ ပညာရေးအရ သွားသူတွေ အတော်များများဟာ တက္ကသိုလ်ကြီးတွေထက် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို ဦးတည် သင်ကြားပေးတဲ့ Polytechnic လို့ခေါ်တဲ့ နည်းပညာ ကောလိပ်တွေမှာ သွားတက်ဖြစ်တာဟာ အများစု အနေနဲ့ တွေ့နေရပါတယ်။

ဒီတစ်ခေါက်တော့ စင်ကာပူက Polytechnic တွေနဲ့ အလားသဏ္ဌာန် တူတဲ့ သြစတြေးလျ နိုင်ငံက TAFE လို့ခေါ်တဲ့ နည်းပညာ ကောလိပ် တွေအကြောင်း တင်ပြချင်ပါတယ်။ TAFE နဲ့ ပတ်သက်လို့ မပြောခင်မှာ သြစတြေးလျ နိုင်ငံရဲ့ နိုင်ငံတကာ ပညာရေး ဈေးကွက်မှာ ရှိတဲ့ လက်ရှိ အနေအထားကို ဦးစွာ တင်ပြလိုပါတယ်။ သြစတြေးလျနိုင်ငံဟာ ပညာရပ်ဆိုင်ရာ နယ်ပယ် အစုံအတွက် နိုင်ငံတကာ အဆင့် တက္ကသိုလ်ကြီးပေါင်း များစွာရှိတဲ့ နိုင်ငံကြီး တစ်ခုပါ။ ပညာရပ် ဆိုင်ရာ သင်ကြားမှု အဆင့်အတန်းကလည်း အမေရိကန်၊ ယူကေတို့နဲ့ ယှဉ်ပြိုင် နိုင်စွမ်းရှိတဲ့ အလျောက် အနောက် နိုင်ငံကို မသွားလိုတဲ့ နိုင်ငံတကာ ကျောင်းသားတွေ အတွက် သြစတြေးလျ နိုင်ငံဟာ ထိပ်တန်းကနေ စဉ်းစား ရွေးချယ် ခံရတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာပါတယ်။

ပညာရေးဆိုင်ရာ ၀န်ဆောင်မှုဟာ သြစတြေးလျ နိုင်ငံရဲ့ အဓိက နိုင်ငံခြားငွေ ရှာပေးနေတဲ့ လုပ်ငန်းကြီး တစ်ခုပါ။ သြစတြေးလျ နိုင်ငံမှာ နိုင်ငံပေါင်း ၁၉၀ က ကျောင်းသား ပေါင်း ၃၇၀၀၀၀လောက် နှစ်တိုင်း လာရောက် ပညာသင်ကြား နေကြသလို သြစတြေးလျ နိုင်ငံ ပြင်ပမှာ ဖွင့်လှစ်သင်ကြား စစ်ဆေး ပေးနေတဲ့ သြစတြေးလျ နိုင်ငံက ပညာရေးဆိုင်ရာ သင်တန်းနဲ့ စာမေးပွဲကို ဖြေဆို နေသူများကလည်း နှစ်စဉ် ၁၂၀၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။ ၂၀၀၇ ခုနှစ် စာရင်းများအရ ပညာရေး ကဏ္ဍကရတဲ့ နိုင်ငံခြားငွေဟာ အမေရိကန် ဒေါ်လာ ၁၂. ဘီလီယံအထိ ရှိနေပြီးတော့ နိုင်ငံရဲ့ တတိယ အများဆုံး နိုင်ငံခြားငွေ ရှာပေးတဲ့ လုပ်ငန်းကြီးတစ်ခု အဖြစ် ရပ်တည်နေပါတယ်။

Technical and Further Education ကို အတိုကောက်ခေါ်တဲ့ TAFE ဟာ သြစတြေးလျ နိုင်ငံမှာ ရှိတဲ့ ကောလိပ်အဆင့် ပညာရေး သင်ကြားရေး စနစ် တစ်ခုပါ။ TAFE ကောလိပ်တွေမှာ သင်ကြား ပို့ချပေးတဲ့ ဘာသာရပ် အမျိုးအစားတွေက စင်ကာပူ Polytechnic နဲ့ အတော်များများ တူပေမယ့် ဘာသာရပ် အရေအတွက် အားဖြင့်တော့ ပိုများပါတယ်။ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်း ဆိုင်ရာ ဘာသာရပ်တွေက စလို့ အမျိုးမျိုးသော အင်ဂျင်နီယာ ဆိုင်ရာ ဘာသာရပ်တွေ၊ အိုင်စီတီ ဆိုင်ရာ ဘာသာရပ်တွေ၊ လေကြောင်း၊ ရေကြောင်း ဆိုင်ရာ ဘာသာရပ်တွေ၊ စီးပွားရေး စီမံခန့်ခွဲမှု ဆိုင်ရာ ဘာသာရပ်တွေ အပါအ၀င် ဖက်ရှင်ဒီဇိုင်း၊ ဆံပင် မိတ်ကပ် ပညာတွေအဆုံး သင်တန်း အမျိုးအစားပေါင်း များစွာကို သင်ကြား ပို့ချ ပေးနေ တာကို တွေ့ရပါတယ်။ သင်တန်း ကာလကလည်း ပုံမှန် အားဖြင့် နှစ်နှစ်ကနေ သုံးနှစ်အထိ ကြာပါတယ်။

TAFE သင်ရိုးညွှန်းတမ်းနဲ့ သင်တဲ့ ကောလိပ်တွေဟာ သြစတြေးလျ ဗဟို အစိုးရ ထောက်ပံ့ စရိတ်နဲ့ ဖွင့်လှစ်ထားတာ မဟုတ်ဘဲနဲ့ သက်ဆိုင်ရာ ပြည်နယ်နဲ့ ဒေသဆိုင်ရာ အစိုးရတွေရဲ့ ပံ့ပိုးမှုတွေနဲ့ ဖွင့်ထားတာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံရဲ့ ပြည်နယ်ကြီး ခြောက်ခုနဲ့ ဒေသကြီးနှစ်ခုမှာ အမည် အမျိုးမျိုးနဲ့ ဖွင့်ထားတဲ့ TAFE Institute အရေအတွက်ဟာ စုစုပေါင်း ၆၀ ကျော်တောင် ရှိပါတယ်။

ကောလိပ် အဆင့် သတ်မှတ် ထားရခြင်း အကြောင်းရင်း တစ်ခုကတော့ သူ့ရဲ့ အမည်နဲ့ ရည်ရွယ်ချက်ထဲမှာ ပါသလိုပဲ နည်းပညာ ပိုင်းနဲ့ အခြား အသက်ဝမ်းကျောင်း ဆိုင်ရာ ပညာရပ်ကို တတ်မြောက်ပြီး အလုပ်ခွင် မြန်မြန် ၀င်လိုသူတွေ အတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပညာရပ်ဆိုင်ရာ ဒီဂရီ အဆင့်လို့ ခေါ်တဲ့ ဘွဲ့ (Bachelor) ကို မပေးဘဲ ဘွဲ့ကြို ဒီပလိုမာတွေ အနေနဲ့သာ ပေးတာလို့ ဆိုပါတယ်။ သင်ရိုးညွှန်းတမ်းတွေမှာလည်း စာတွေ့ထက် လက်တွေ့ကို အထူး ဦးစားပေးပြီး သင်ပေးပြီးတော့ ကျောင်းပြီးတဲ့ အခါမှာ လုပ်ငန်းခွင် ၀င်နိုင်လောက်တဲ့ အခြေအနေ တစ်ခုအထိ ဖြစ်အောင် သင်ကြားပို့ချ ကြပါတယ်။

TAFE Institute အားလုံးကရလာတဲ့ Diploma တွေကို သြစတြေးလျ မှာရှိတဲ့ တက္ကသိုလ်ကြီးများ အပါအ၀င် နိုင်ငံတကာမှာ ရှိတဲ့ တက္ကသိုလ်ကြီးများက အသိအမှတ် ပြုထားပါတယ်။ ဒါကြောင့် TAFE Instituteက ကျောင်းပြီးထားတဲ့ သူ Diploma Holder တွေ အနေနဲ့ ကိုယ်ရထားတဲ့ Diploma Certificate ကို အကြောင်းပြုပြီး လုပ်ငန်းခွင် ၀င်ချင်လည်း အလုပ် လုပ်နိုင်ကြသလို ကျောင်းဆက်တက်မယ် ဆိုရင်လည်း ကိုယ်နှစ်သက်ရာ တက္ကသိုလ်တွေမှာ သက်ဆိုင်တဲ့ ဘာသာရပ်တွေကို ဆက်ပြီး သင်ယူလို့ ရနိုင်ပါတယ်။ သြစတြေးလျမှာ ရှိတဲ့ တက္ကသိုလ်ကြီးတွေမှာတော့ TAFE Institute က ပြီးတဲ့ သူတွေကို ပထမနှစ် ကျောင်းပြီးတဲ့ သူလို့ သတ်မှတ်ပြီး ဒုတိယနှစ်ကို တိုက်ရိုက် တက်ရောက် နိုင်ပါတယ်။ အဲဒီကနေ တစ်ဆင့်မှ သက်ဆိုင်ရာ ဘာသာရပ်တွေနဲ့ တက္ကသိုလ်တွေရဲ့ လိုအပ်ချက်ကို လိုက်ပြီး နောက်ထပ် နှစ်နှစ် (ဥပမာ အိုင်စီတီ ဘာသာရပ်တွေ) အချို့ဘာသာရပ်တွေ ဆိုရင်လည်း နောက်ထပ် သုံးနှစ် (ဥပမာ အင်ဂျင်နီယာရင်းဘာသာရပ်တွေ) ဆက်တက်ပြီး Bachelor ဘွဲ့အဆင့် ဆက်တက်နိုင်တယ် လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံက ကျောင်းသားတွေ အတွက် TAFE Institute တွေကို တက်ဖို့အတွက် ပထမဦးဆုံး လိုအပ်ချက် အနေနဲ့ကတော့ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ဖို့နဲ့ အင်္ဂလိပ်စာ အရည်အချင်း အတွက် IELTS စာမေးပွဲရလဒ် အနည်းဆုံး ၅.၅ ရှိဖို့ လိုပါတယ်။ ကိုယ်တက်ချင်တဲ့ TAFE Institute နဲ့ ပတ်သက်လို့ Internet Website ကနေပဲ ဖြစ်ဖြစ်၊ ကျောင်းတွေနဲ့ ပတ်သက်တဲ့ အေးဂျင့် တွေကနေတစ်ဆင့် ဖြစ်ဖြစ် ရှာလို့၊ ဖွေလို့ရပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ လျှောက်လို့ ရနိုင်ပါတယ်။

အခုခေတ်မှာကလည်း အိုင်စီတီခေတ် ဖြစ်နေတော့ Internet Website တွေကနေ တစ်ဆင့် ကျောင်းတွေနဲ့ ပတ်သက်တဲ့၊ လိုအပ်တဲ့ သတင်း အချက်အလက်တွေကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ သို့ပေမယ့်လည်း ကိုယ်နဲ့ ကိုက်ညီမယ့် ကျောင်းမျိုးကိုတွေ့ဖို့ကတော့ အတိုင်းအတာ တစ်ခု အထိ အချိန်ယူပြီး ရှာရ ဖွေရတော့ လုပ်ရပါတယ်။ ကိုယ်နားမလည်တဲ့ စနစ်တွေ၊ စာရွက်စာတမ်း ကိစ္စတွေကိုလည်း အချိန်ပေးပြီး သိအောင် လုပ်ရတာတွေလည်း ရှိပါတယ်။ အေးဂျင့်နဲ့ ရှာရင် ကိုယ်လုပ်ရမယ့် စာရွက် စာတမ်း ကိစ္စတွေ အပါအ၀င် အခြားကိစ္စ တော်တော်များများကို အချိန်တို အတွင်း ခေါင်းရှုပ်ခံ စရာမလိုဘဲ ပြီးစီးအောင် လုပ်ပေးနိုင်တာ မှန်ပေမယ့် အေးဂျင့်တွေ ကိုယ်စားပြုတဲ့ ကျောင်းက ကိုယ်နဲ့ သင့်တော်တဲ့ ကျောင်း၊ ကိုယ့်စိတ်ကြိုက် ကျောင်းမျိုးဖြစ်ဖို့လည်း လိုအပ်ပါတယ်။

ကုန်ကျစရိတ် ပိုင်းကို ကြည့်ရင် သြစတြေးလျ နိုင်ငံက ကျောင်းတွေဟာ စင်ကာပူ ကျောင်းတွေနဲ့၊ အနောက်နိုင်ငံက ကျောင်းတွေနဲ့ ကြားထဲမှာ ရှိတယ်လို့ အကြမ်းဖျင်း ဆိုနိုင်ပါတယ်။ ဘာသာရပ်အလိုက်၊ ကျောင်းအလိုက် အနည်းနဲ့ အများ ကွာခြားမှု ရှိပေမယ့်လည်း အကြမ်းဖျင်းအားဖြင့် ကျောင်းလခတွေကတော့ တစ်နှစ်စာကို သြစတြေးလျ ဒေါ်လာ တစ်သောင်း စွန်းစွန်း ကနေ တစ်သောင်းလေးထောင်ကြား (အမေရိကန် ဒေါ်လာ ရှစ်ထောင့်ငါးရာလောက် ကနေ တစ်သောင်းလောက်)မှာ ရှိပါတယ်။ အဆောင်စရိတ်နဲ့ စားသောက်စရိတ် ကတော့ တစ်လကို သြစတြေးလျ ဒေါ်လာ တစ်ထောင် ပတ်ဝန်းကျင်လောက် ကုန်ကြတယ်လို့လည်း သိရပါတယ်။

သြစတြေးလျ ကျောင်းတက်တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက ကျောင်းသားတွေ အတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ အချက် တစ်ခုကတော့ ဗီဇာ လျှောက်တဲ့ အပိုင်းပါပဲ။ ကျောင်းသားဗီဇာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက သြစတြေးလျ သံရုံးမှာ ဗီဇာ လျှောက်ထားရာမှာ ပထမအဆင့် အနေနဲ့ ကျောင်းသားဗီဇာနဲ့ ပတ်သက်လို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြည့်စုံအောင် ဖြည့်ပြီး တင်ရာမှာ ကျောင်းဝင်ခွင့်ပြုစာ အပါအ၀င် ကျောင်းတက်မယ့် သူရဲ့ လုံလောက်တဲ့ ကျောင်းစရိတ်ငွေကို ဘဏ်စာရင်းထဲမှာ ရှိထား ရမယ် လို့ဆိုပါတယ်။ ဆိုလိုတာကတော့ ဗီဇာ လျှောက်တဲ့ ကျောင်းသား တစ်ယောက် အနေနဲ့ ကိုယ်သွားတက်မယ့် ကျောင်းက နှစ်နှစ်တက်ရမယ့် သင်တန်း ဆိုရင် အဲဒီနှစ်နှစ် အတွက် ကျောင်းစရိတ်နဲ့ နေထိုင် စားသောက်စရိတ်တွေ အတွက် သတ်မှတ်ထားတဲ့ ကုန်ကျ စရိတ်ကို လုံလောက်နိုင်တဲ့ မြန်မာငွေကို ပြည်တွင်းက ဘဏ်တစ်ခုခုထဲက ငွေစာရင်းမှာ ရှိဖို့ လိုအပ်ပါတယ်။ အဲဒီလို ပြည်တွင်း ဘဏ်တစ်ခုခုမှာ ရှိတဲ့ ငွေဟာလည်း အနည်းဆုံး ဗီဇာ လျှောက်ချိန် မတိုင်ခင် အချိန် သုံးလ မတိုင်ခင်ကတည်းက ရှိနေဖို့ လိုတယ်လို့ သိရပါတယ်။

ကျောင်းသားတွေ အတွက် ဗီဇာလျှောက်ရာမှာ အဆင့် နှစ်ဆင့် ရှိပါတယ်။ တရားဝင် ကျောင်းဝင်ခွင့် ရထားတဲ့ စာအပါအ၀င် လိုအပ်တဲ့ စာရွက် စာတမ်းတွေနဲ့ အတူ သတ်မှတ်ငွေ စာရင်းကို ပူးတွဲတင်ပြပြီး လျှောက်တဲ့ အခါမှာ ခွင့်ပြုချက် ရသူများကို ပထမအဆင့် အနေနဲ့ Pre Visa ဆိုတာ ကို ထုတ်ပေးပါတယ်။ အဲဒီ Pre Visa နဲ့အတူ ကျောင်းကို လိုအပ်တဲ့ ကျောင်းလခတွေ ပေးသွင်းပြီးတဲ့ အခါမှာ ကျောင်းကနေ Conformation of Enrollment Letter ကို ပြန်ထုတ် ပေးပါတယ်။ အဲဒီ စာရမှသာ နောက်တစ်ဆင့် ဖြစ်တဲ့ Student Visa အတွက် ထပ်ပြီး လျှောက်ရတာပါ။ ဆိုလိုတဲ့ သဘောကတော့ ကျောင်းဝင်ခွင့် ရရုံသာမကဘဲ ကျောင်းလခ အတွက်ပါ ငွေသွင်းပြီးထားတဲ့ သူသာ တရားဝင် ကျောင်းသား ဗီဇာ ရနိုင်တယ် ဆိုတဲ့သဘောပါပဲ။

TAFE Institute တွေကနေ ကျောင်းပြီးသွားတဲ့ အခါမှာ အချို့ ဘာသာရပ်နဲ့ ကျောင်းပြီးတဲ့ သူတွေကို သြစတြေးလျ နိုင်ငံမှာ Permanent Resident (PR) လို့ခေါ်တဲ့ အမြဲတမ်း နေထိုင်ခွင့် ရတဲ့သူ အဆင့်ကို လျှောက်လို့ ရနိုင်တယ်လို့လည်း သိရပါတယ်။ အိုင်တီ ဘာသာရပ်တွေ၊ စာရင်းကိုင် ဘာသာရပ်တွေ၊ လူမှုရေးလုပ်ငန်း ဆိုင်ရာ ဘာသာရပ်တွေ၊ ဖက်ရှင်ဒီဇိုင်း ဘာသာရပ်တွေ၊ သွားဘက်ဆိုင်ရာ ဘာသာရပ်တွေနဲ့ အပါ အ၀င် အခြားဘာသာရပ် အချို့ကို ဒီပလိုမာ အဆင့်ပြီးသွားရင် PR လျှောက်ခွင့်ရှိတယ်လို့ သိရပါတယ်။ သို့ပေမယ့် အခြားဘာသာရပ်တွေ အတွက်ကတော့ ဘွဲ့(Bachelor) အဆင့်ပြီး မှသာ (PR) လျှောက်လို့ရတယ်လို့လည်း ဆိုပါတယ်။ ကမ္ဘာ့စီးပွားရေးမှာ အဆင့် ၁၅ ရှိပြီး၊ နိုင်ငံသားတွေရဲ့ တစ်ဦးချင်း ၀င်ငွေအဆင့်မှာလည်း ကမ္ဘာ့အဆင့် ၁၄ မှာရှိနေတဲ့ သြစတြေး လျနိုင်ငံမှာ TAFE Diploma ပြီးရင် (PR) လျှောက်ခွင့်ရတယ် ဆိုတဲ့ ဒီအချက်ဟာ လူဝင်မှု ကြီးကြပ်ရေး ကိစ္စတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လေ့ရှိတဲ့ သြစတြေးလျမှာ ကျောင်းလာတက်ကြတဲ့ နိုင်ငံတကာက ကျောင်းသားတွေ၊ အထူးသဖြင့် ဖွံ့ဖြိုး တိုးတက်ဆဲ နိုင်ငံက ကျောင်းသားတွေ အတွက် အလုပ်အကိုင် အလားအလာနဲ့ ပတ်သက်လို့ ဆွဲဆောင်မှု တစ်ခုလို့ ဆိုနိုင်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ တစ်ဆက်တည်း စိတ်ဝင် စားစရာ ကောင်းတဲ့ နောက်အချက် တစ်ခုကတော့ TAFE Diploma ရပြီးသားလူတွေ သြစတြေးလျမှာ အလုပ်အကိုင် အတွက် (PR) လျှောက်တဲ့အခါမှာ (PR) အတွက် ခွင့်ပြုချက် ကျလာရင် အဲဒီသူတွေဟာ Trade Person ဆိုတဲ့ Category မှာ အကျုံးဝင်တယ်လို့ သိရပါတယ်။ အနီးစပ်ဆုံး ဆိုရရင် ကျွမ်းကျင်လုပ်သား အနေနဲ့ သတ်မှတ်တဲ့ သဘောပါ။ သို့ပေမယ့် သြစတြေးလျက တက္ကသိုလ်ကြီးတွေမှာ ဘွဲ့၊ ဒီဂရီရပြီးသူတွေ၊ တစ်နည်းအားဖြင့် Bachelor ရပြီးသူတွေ (PR) လျှောက်တဲ့ အခါမှာ အခြားအုပ်စု ဖြစ်တဲ့ Professional Category မှာ ထည့်တယ်လို့ သိရပါတယ်။ Category မတူတဲ့ အတွက် အလုပ်အတွက် ရလာမယ့် အခွင့်အလမ်း အပါအ၀င် အခွန် ပေးဆောင် ရတာတွေရော ကွာခြားသွားပါတယ်။

ဒီနေရာမှာ နိုင်ငံတကာမှာ ကျောင်းသွား တက်မယ့် လူငယ်များရော၊ ဒီလူငယ်တွေကို ထောက်ပံ့ပေးမယ့် မိဘတွေကော စဉ်းစားစရာ တစ်ခု ရှိလာပါတယ်။ နိုင်ငံရပ်ခြားမှာ သွားပြီး ပညာသင်မယ့် လူငယ်တွေ အနေနဲ့ ဘာသာရပ် တစ်ခုကို လေ့လာရာမှာ အရင်ဆုံး ဆုံးဖြတ်ရမှာက ဘယ်လို ပညာရပ်ကို အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုအနေနဲ့ ကျွမ်းကျင်စွာ သင်ယူမှာလဲ ဆိုတာကို သေသေချာချာ စဉ်းစား ဆုံးဖြတ်ဖို့ လိုပါတယ်။ ဒါဟာ ကာယကံရှင်တွေ ရေရှည်တွေ့ကြုံရ၊ ပတ်သက်ရမယ့် ကိစ္စတွေပါ။ ဒီကနေမှ နောက်တစ်ဆင့် အနေနဲ့ Diploma ပဲ တက်မှာလား၊ Bachelor အဆင့်အထိ တစ်ခါတည်း အပြီးတက်မှာလား ဆိုတာကို ဆုံးဖြတ်ရမှာပါ။

ဘာကြောင့်လဲ ဆိုတော့ အလုပ်လျှောက်တဲ့ အခါ၊ လုပ်ငန်းခွင် ရောက်တဲ့ အခါမှာ ကိုယ်ရခဲ့တဲ့ ဘွဲ့အဆင့်အတန်းပေါ် လိုက်ပြီး တစ်ဦးချင်းစီရဲ့ လုပ်ငန်းခွင်မှာ ရလာမယ့် အလုပ် အဆင့်အတန်းနဲ့ လစာ အပါအ၀င် ရေရှည် အလုပ်အကိုင် အလားအလာ အထိကိုပါ အကျိုး သက်ရောက်မှု ရှိလာပါတယ်။ ကိုယ်က တစ်သက်လုံး ဒီပညာရပ်နဲ့ လုပ်ကိုင် စားသောက်တော့မယ်လို့ ဆုံးဖြတ်ထားတယ် ဆိုရင် နောင်ကြုံတွေ့လာနိုင်တဲ့ အကျိုးဆက်နဲ့ အလား အလာတွေကိုပါ မျှော်တွေးစဉ်းစားထားဖို့ အထူး လိုအပ်ပါတယ်။ အထူး သဖြင့် Technical Institution တွေကပေးတဲ့ Diploma အဆင့်အတန်းတွေဟာ Skilled Labour ဆိုတဲ့ ကျွမ်းကျင် လုပ်သား တစ်ယောက်ဖြစ်အောင် ဦးတည်ပြီး သင်ကြားပေးတယ် ဆိုတာကို မေ့မထားသင့်ပါဘူး။ ပညာရပ် နယ်ပယ် တစ်ခုခုမှာ Professional အဆင့်နဲ့ ရေရှည်မှာ ရပ်တည်မယ် ဆိုရင် Bachelor အဆင့်ကို တစ်ချိန်ချိန်မှာ တက်လှမ်းဖို့ လိုအပ်တယ်ဆိုတာလည်း တစ်ဆက်တည်း သိထားဖို့လိုပါတယ်။

ဒါကြောင့် Diploma Holder အနေနဲ့ တစ်သက်လုံး အလုပ် လုပ်နေမှာလား၊ Bachelor အဆင့်အထိ ရောက်အောင် တစ်ခါတည်း သင်ယူမှာလား၊ ဒါမှမဟုတ် Diploma အရင်ပြီးအောင် တက်ပြီးရင် အလုပ်လုပ်ပြီးတော့ အတွေ့အကြုံ ရှာပြီးမှပဲ Bachelor အဆင့်ကို နောက်မှပဲ ပြီးအောင် တက်မှာလား ဆိုတာကို သေသေချာချာ ကြိုတင် စဉ်းစားပြီး ဆုံးဖြတ်ထားသင့်ပါတယ်။

တကယ်တော့ ပညာသင်တယ် ဆိုတာလည်း လူတစ်ယောက်ရဲ့ ဘ၀ အတွက် ရေရှည် အတွက် ရင်းနှီး မြှုပ်နှံရတဲ့ လုပ်ငန်းစဉ် တစ်ခုပါ။ ဒီလို အရေးကြီးတဲ့ လူတစ်ယောက်ရဲ့ ပညာရေး ကိစ္စဟာ ကျောင်းသား တစ်ယောက်တည်း ဆုံးဖြတ်ရမယ့် ကိစ္စအနေနဲ့ မဖြစ်သင့်ပါဘူး။ ကျောင်းသား မိဘတွေ အနေနဲ့ ကိုယ့်သားသမီးတွေရဲ့ဝါသနာနဲ့ ကိုယ်ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ အတတ်နိုင်ဆုံး ကိုက်ညီပြီးတော့ ၀ိုင်းပြီး စဉ်းစား ဆုံးဖြတ် ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါနဲ့ ပတ်သက်လို့ ကိုယ်က ဥာဏ်မမီဘူး ဆိုရင်လည်း နားလည် တတ်ကျွမ်းတဲ့ သူတွေနဲ့ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

ဒါကြောင့်လည်း ကိုယ့်ရဲ့ ပညာရေး ရည်မှန်းချက် အတွက် ကုန်ကျမယ့် ငွေကြေး အပါအ၀င် အခြား အရေးကြီးတဲ့ အချက်ပေါင်း များစွာကို စနစ်တကျနဲ့ အချိန်ယူပြီး စဉ်းစားဖို့ လိုပါတယ်။ ကျောင်းနဲ့ ပတ်သက်လို့ ကျောင်းရဲ့ နိုင်ငံ တကာအဆင့် (Ranking) နိုင်ငံတကာ ကျောင်းသား လက်ခံတဲ့ အရေအတွက် အချိုးအစား၊ ကျောင်းက ပေးတဲ့ ဘွဲ့ ဒီဂရီတွေရဲ့ အဆင့်အတန်း၊ နောက်ဆက်တက်လို့ ရနိုင်မယ့် အလားအလာနဲ့ အခွင့်အလမ်း အပြင် ကျောင်းရှိမယ့် နေရာရဲ့ ရာသီဥတု စတာတွေကိုပါ စနစ်တကျနဲ့ ထည့်သွင်း စဉ်းစားနိုင်ရင် အကောင်းဆုံး ဖြစ်ပါကြောင်းနဲ့ မြန်မာ လူငယ်များ မှန်ကန်တဲ့ ပညာရေး ရွေးချယ်မှုများ ပြုလုပ်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း.

*သူရိန်ငယ်

From ShweAmyuTay

One Response

  1. ဒီ website က ဘာလဲ သိချင်ပါတယ်။ကျေးဇူးတင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: